International News

အိန္ဒိယ-ပီရူးလွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်(FTA)ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်သွားမည်

Last Updated:

အိန္ဒိယနိုင်ငံနှင့်ပီရူးနိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများကို အရှိန်အဟုန်မြှင့်တင်ရန်ရည်ရွယ်၍ နှစ်နိုင်ငံအကြားရှိ လွတ်လပ် သောကုန်သွယ်ရေးသဘောတူညီချက်(FTA)နှင့်ပတ်သက်သော ဆွေးနွေးညှိနှိုင်းမှုများကို ပြန်လည်စတင်သွားမည်ဟုသိရသည်။ ယခုလ ၃ ရက်မှ ၄ ရက်အထိ နယူးဒေလီမြို့၌ ကျင်းပပြုလုပ်ခဲ့သော အိန္ဒိယ-LACနိုင်ငံများ(လက်တင်အမေရိကနှင့် ကာရစ်ဘီယန်နိုင်ငံများ)အကြား (၉) ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲ၏ ပူးတွဲဆွေးနွေးပွဲတစ်ခု၌ ယခုကဲ့သို့ဆောင်ရွက်ရန် ထုတ်ဖေါ်ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါပူးတွဲဆွေးနွေးပွဲတွင် ပီရူးနိုင်ငံကုန်သွယ်ရေးဒုတိယဝန်ကြီး Teresa Mera Gomez က ကိုဗစ် -၁၉ ကပ်ရောဂါကာလမတိုင်မီက လီမာမြို့တွင် (၅) ကြိမ်မြောက်နှစ်နိုင်ငံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါဆွေးနွေးပွဲမှရရှိသော အပြုသဘောရလဒ်များအပေါ်အခြေခံ၍ မကြာမီ (၆)ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပသွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ကုန်သွယ်ရေးအတွင်းဝန် Sunil Barthwal ကလည်း နှစ်နိုင်ငံ FTA နှင့်ပတ်သက်၍ ယခုနှစ်စက်တင်ဘာလကုန်ပိုင်းလောက်တွင် ဆက်လက်ဆွေးနွေးသွားရန်ရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။ အဓိကဆွေးနွေးညှိနှိုင်းသွားမည့် နယ်ပယ်များတွင် လယ်ယာစိုက်ပျိုးရေးထွက်ကုန်ကဏ္ဍနှင့် ပီရူးနိုင်ငံ၏အဓိကထုတ်ကုန်များဖြစ်ကြသော ရွှေ၊ ဇင့်နှင့် လစ်သီယမ်သတ္တုများကဲ့သို့ ဓါတ်သတ္တုကဏ္ဍများ၌ ဦးစားပေး၍ ပူးပေါင်းဆောင်ရွက်သွားရန်ကိစ္စများပါဝင်မည်ဟု သိရသည်။

ဘက်စုံလွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်တွင် ကုန်စည်နှင့်ဝန်ဆောင်မှုများအတွက် ဈေးကွက်ရရှိရေး၊ အသက်မွေးဝမ်းကျောင်းပညာရှင်များ ရွေ့လျားသွားလာရေး၊ ရင်းနှီးမြှုပ်နှံမှုအထောက်အကူပြုရေးနှင့် အခြားအကြောင်းအရာများ ပါဝင်မည်ဖြစ်သည်။ ပီရူးနိုင်ငံသည် LAC ဒေသတွင်း၌ အိန္ဒိယနိုင်ငံ၏ လက်ရှိတတိယအကြီးဆုံးတင်ပို့ရောင်းချရာ ဈေးကွက်တစ်ခုဖြစ်သည့်အတွက် အဆိုပါသဘောတူညီမှု၏ မဟာဗျူဟာမြောက်တန်ဖိုးကို အလေးပေးဖေါ်ပြလျက်ရှိသည်။

ပီရူးနိုင်ငံသည် လွန်ခဲ့သောနှစ်ပေါင်း(၆၀)ကျော်ကတည်းက အိန္ဒိယနိုင်ငံနှင့်သံတမန်ဆက်သွယ်ရေးစတင်ခဲ့ပြီး အိန္ဒိယအတွက် ပိုမိုကျယ်ပြန့် သော LAC ဒေသသို့ စီးပွားရေးချဲ့ထွင်ခြေချနိုင်မည့် ဝင်ပေါက်တံခါးတစ်ခုလည်းဖြစ်သည်။ ပီရူးနိုင်ငံသည် ဓါတ်သတ္တုထုတ်လုပ်ရေး၌ နာမည်ထင်ရှားပြီး နှစ်ပေါင်းများစွာကာလအတွင်း အိန္ဒိယနိုင်ငံသို့ ဓါတ်သတ္တုများတင်သွင်းရောင်းချမှုတိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်ရေးချိတ်ဆက်မှုများ အရှိန်အဟုန်မြင့်မားခဲ့ခြင်းဖြစ်သည်။

ဓါတ်သတ္တုကဏ္ဍအပြင် လယ်ယာစိုက်ပျိုးရေးထွက်ကုန်များကုန်သွယ်ရန်ကိစ္စသည်လည်း အဓိကဆောင်ရွက်မည့် နယ်ပယ်တစ်ခုဖြစ်ကြောင်း သိရသည်။ ပီရူးနိုင်ငံ၏ စပျစ်နီသီး(Red Globe table grapes)၊ ဘလူးဘယ်ရီသီး၊ ထောပတ်သီး၊ quinoa(ချက်စား၍ရသည့်အစေ့တစ်မျိုး)နှင့် သရက်သီးများသည် အိန္ဒိယနိုင်ငံဈေးကွက်အတွက် အလားအလာများစွာရှိသည်။ ပီရူးနိုင်ငံတွင် လစ်သီရမ်သတ္တုသိုက်များအများအပြားကို ရှာဖွေတွေ့ရှိခဲ့ခြင်းကလည်း အိန္ဒိယနိုင်ငံ၏ လျှပ်စစ်သုံးယာဉ်များထုတ်လုပ်ခြင်းနှင့် နေရောင်ခြည်စွမ်းအင်သိုလှောင်ရေးစီမံကိန်းများအတွက် ကြီးမားသောအခွင့်အလမ်းတစ်ခုဖြစ်သည်။

ပီရူးနိုင်ငံတွင် Chancay ဘက်စုံသုံးပင်လယ်ဆိပ်ကမ်းစီမံကိန်းကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ကျော်ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိပြီး မကြာမီပြီးစီးတော့မည်ဖြစ်ရာ နိုင်ငံ၏အခြေခံအဆောက်အအုံကဏ္ဍအတွက် ကြီးမားသောအထောက်အကူတစ်ခုဖြစ်လာမည်ဖြစ်သည်။ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်တွင် အိန္ဒိယ-ပီရူးနှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၁၁ ဘီလီယံရှိပြီး ယခင်ဘဏ္ဍာနှစ်ကထက် ကျဆင်းခဲ့ကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်(FTA)အတွက် အိန္ဒိယနိုင်ငံနှင့် ပီရူးနိုင်ငံတို့အကြား ပြန်လည်စတင်သွားမည့် ဆွေးနွေးပွဲများမှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်သွားနိုင်မည့်နယ်ပယ်များကို ထုတ်ဖေါ်သွားနိုင်မည်ဟု မျှော်လင့်ရပါ သည်။ နှစ်ဦးနှစ်ဖက်အကျိုးစီးပွားမျှတမှုရှိပါက အဆိုပါသဘောတူစာချုပ်အား အပြီးသတ်ချုပ်ဆိုသွားနိုင်မည်ဖြစ်ပါသည်။ ပြည်တွင်းရှိ အဓိကစီးပွားရေးကဏ္ဍများမထိခိုက်စေရေးကို ထည့်သွင်းစဉ်းစားသင့်ပါသည်။ ပီရူးနိုင်ငံအနေဖြင့် အိန္ဒိယ၏လယ်ယာထွက်ကုန်ကဏ္ဍမှ အကျိုး ကျေးဇူးရရှိနိုင်သလို အိန္ဒိယအနေဖြင့် ပီရူးနိုင်ငံ၏ သစ်သီးဝလံနှင့်ဓါတ်သတ္ထုကဏ္ဍမှ အကျိုးအမြတ်ရရှိနိုင်ပါသည်။ ထို့အပြင် ပီရူးနိုင်ငံရှိ အခြေခံအဆောက်အုံတည်ဆောက်ရေးကဏ္ဍ၌ အိန္ဒိယ၏ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာနိုင်မည့်အလားအလာလည်း  ရှိနိုင်ပါသည်။

လက်ရှိတွင် ပီရူးနိုင်ငံ၏ Chancay ဘက်စုံသုံးပင်လယ်ဆိပ်ကမ်းစီမံကိန်းကို တရုတ်အစိုးရပိုင် Cosco လုပ်ငန်းစုနှင့် ပီရူးသတ္ထုတူးဖေါ်ရေးကုမ္ပဏီ Volcan တို့က ဦးဆောင်၍ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံခန့် အကုန်အကျခံကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် နိုင်ငံရေးအရ တရုတ်နိုင်ငံ၏အခန်းကဏ္ဍအပေါ် ယခင်ကတည်းက စိုးရိမ်မကင်းဖြစ်လျက်ရှိသည့်အတွက် ပီရူးနိုင်ငံနှင့် ယခုဆောင်ရွက်မည့်ကိစ္စအပေါ် မည်သို့စဉ်းစားဆောင်ရွက်သွားမည်ကို စောင့်ကြည့်လေ့လာသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်း။ The Hindu Business Line၊ Financial Express၊ The Brazilian Report

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ‌ကော်လ်ကတ္တားမြို့)

Category: International News